
Bellevue Myanmar Baptist Church

နေ့စဥ် ကျမ်းစာဖတ်ခြင်း၏ ခွန်အား
သင်၏ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်းကို တိုးတက်စေမည့်စိတ်ကူးများ
ကျမ်းစာများ၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်၏လေ့လာခြင်းအား တိုးမြှင့်စေမည့် ရိုးရှင်းသောနည်းလမ်းအချို။
လမ်းပြလှုံ့ဆော်ခြင်းအတွက် ဆုတောင်းပါ
ကျမ်းစာများ၌ ဘုရားသခင်၏နှုတ်ကပတ်တော်ပါဝင်ပါသည်။ သင်၎င်းတို့ကို လေ့လာနေစဉ်၊ သင်၏ကောင်းကင်ဘုံရှင်အဘကို သူ၏လမ်းညွှန်မှုအတွက် မေးလျှောက်၍၊ ၎င်းတို့ကို နားလည်ဖို့ကူညီရန် သူ၏ဝိညာဉ်တော်ကို လက်ခံရရှိပါ။
ယေရှုခရစ်တော်အကြောင်းသမ္မာတရားကို ရှာဖွေပါ
ခပ်သိမ်းသောအရာတို့သည် ယေရှုခရစ်တော်အကြောင်းသက်သေခံကြောင်း ကျမ်းစာများက ကျွန်တော်တို့ကို သွန်သင်ပါသည် (ရှု ၂ နီဖိုင်း ၁၁း၄၊ မောရှေ ၆း၃၈)၊ ထို့ကြောင့် ဖြစ်စဉ်များ၊ ပုံပြင်များ၊ ထို့အတူ ကျမ်းစာများ၏သွန်သင်ခြင်းတို့၌ သူ့ကို ရှာဖွေပါ။ ကယ်တင်ရှင်အကြောင်းနှင့် သူ့နောက်ကို မည်သို့သို့လိုက်လျှောက်ရန် သွန်သင်သည့် ကျမ်းပိုဒ်များကို မှတ်စုထုတ်ခြင်း သို့မဟုတ်မှတ်သားခြင်းကို စဉ်းစားပါ။
လမ်းပြလှုံ့ဆော်သည့် စကားလုံးများနှင့် စကားစုများကို ရှာဖွေပါ
ကျမ်းစာများထဲရှိ စကားလုံးနှင့် စကားစုအချို့မှာ သင့်အတွက်အထူးရေးထားလေသည့်အလား ထင်မှတ်စေသည်ကို သင်တွေ့နိုင်ပါသည်။ ၎င်းတို့သည် သင်ကိုယ်တိုင်နှင့်ဆက်စပ်၍၊ လမ်းပြလှုံ့ဆော်၍၊ သင့်ကိုလှုံ့ဆော်သည်ဟုခံစားနိုင်ပါသည်။ ၎င်းတို့ကို သင်၏ကျမ်းစာများ၌မှတ်သားခြင်း သို့မဟုတ် လေ့လာခြင်းမှတ်တမ်းတစ်ခု၌ ၎င်းတို့အကြောင်းရေးခြင်းကို စဉ်းစားပါ။
ဧဝံဂေလိတရားတော်သမ္မာတရားတို့ကို ရှာဖွေပါ
တစ်ခါတစ်ရံတွင် ဧဝံဂေလိတရားတော်သမ္မာတရား (ဩဝါဒ သို့မဟုတ် အခြေခံသဘောတရားများဟု ခေါ်လေ့ရှိသည့်) တို့ကို တိုက်ရိုက်ဖော်ပြထားပါသည်၊ သို့သော် တစ်ခါတစ်ရံတွင် ၎င်းတို့ကို ဥပမာ သို့မဟုတ် ပုံပြင်တစ်ခုအားဖြင့် ရည်ညွှန်းထားပါသည်။ သင့်ကိုယ်သင်မေးပါ၊ “ဤကျမ်းပိုဒ်များ၌ မည်သည့်ဧဝံဂေလိတရားတော်သမ္မာတရားတို့ကို သွန်သင်ထားသနည်း”
ဝိညာဉ်တော်ကို နားထောင်ပါ
သင်၏အတွေးများနှင့် ခံစားချက်များသည် သင်ဖတ်နေသည့်အရာနှင့် မသက်ဆိုင်သယောင်ရှိလျှင်တောင်မှ ၎င်းတို့ကို အာရုံစိုက်ပါ။ ထိုထင်မြင်ချက်တို့သည် သင်၏ကောင်းကင်ဘုံရှင်အဘက သင့်ကိုသင်ယူစေ၊ ခံစားစေလိုသည့် အရာများပင်ဖြစ်နိုင်ပါသည်။
ကျမ်းစာများကို သင့်ဘဝ၌ အသုံးချပါ
ကျမ်းစာများကို သင့်ဘဝ၌ အသုံးချပါ
သင်ဖတ်နေသည့် ပုံပြင်များနှင့် သွန်သင်ခြင်းများ သင်၏ဘဝနှင့် မည်သို့ဆက်စပ်သည်ကို စဉ်းစားပါ။ ဥပမာအားဖြင့်၊ သင့်ကိုယ်သင်မေးနိုင်ပါသည်၊ “ကျွန်ုပ်ဖတ်နေသည့်အရာနှင့် ဆင်တူသည့် မည်သည့်အတွေ့အကြုံများ ကျွန်ုပ်မှာ ရှိသနည်း” သို့မဟုတ် “ကျမ်းစာများထဲမှ ဤပုဂ္ဂိုလ်၏ပုံသက်သေနောက် ကျွန်ုပ်မည်သို့ လိုက်လျှောက်နိုင်သနည်း”
မေးခွန်းများမေးပါ
ဧဝံဂေလိတရားတော်အကြောင်းမေးခွန်းများမေးခြင်းက သင့်အားမည်သည့်အရာကို လေ့လာရမည်ကို ဆုံးဖြတ်ရန်ကူညီနိုင်ပါသည်။ သင်ကျမ်းစာများလေ့လာသောအခါ၊ မေးခွန်းများသည်လည်း သင့်စိတ်ထဲသို့ ဝင်လာနိုင်ပါသည်။ ဤမေးခွန်းများသည် သင်ဖတ်နေသည့်အရာနှင့် သို့မဟုတ် သင်၏ယေဘုယျဘဝနှင့်ဆက်စပ်ကောင်းဆက်စပ်နိုင်ပါသည်။ ဤမေးခွန်းများကို နှလုံးသွင်းပါ၊ သင်ကျမ်းစာများလေ့လာခြင်းကို ဆက်၍ပြုလုပ်စဉ် အဖြေများကို ရှာပါ။ သင်လေ့လာပြီးနောက်တွင်၊ ဘုရားသခင်က သင့်အား မည်သည့်အရာကို နောက်ထပ်သင်ယူစေလိုသည်ကို မေးပါ၊ လာမည့်နာရီများ၊ နေ့များ၌ အဖြေများကို စောင့်မျှော်ပါ။
ကျမ်းစာလေ့လာခြင်းအကူအညီများကို အသုံးပြုပါ
သင်ဖတ်သည့်ကျမ်းပိုဒ်များမှ နောက်ထပ် အတွေးအမြင်များရရှိရန် အောက်ခြေမှတ်စုများ၊ အကြောင်းအရာလမ်းညွှန်၊ သမ္မာကျမ်းအဘိဓာန်၊ ကျမ်းစာများလမ်းညွှန်၊ scriptures.ChurchofJesusChrist.orgနှင့် အခြားလေ့လာခြင်းအကူအညီများကို အသုံးပြုပါ။
ကျမ်းစာများမှစကားစပ်များကို စဉ်းစားပါ
သင်သည် ကျမ်းစာ၏စကားစပ်များ—ကျမ်းစာ၏အခြေအနေများသို့မဟုတ် အပြင်အဆင်များ ကို စဉ်းစားလျှင်၊ ၎င်း၏အဓိပ္ပာယ်ရှိသောအတွေးအမြင်များကို ရှာတွေ့နိုင်ပါသည်။ ဥပမာအားဖြင့်၊ ပရောဖက်တစ်ပါးပြောသည့် လူတို့၏နောက်ခံနှင့် ယုံကြည်ခြင်းတို့ကို သိခြင်းသည် သင့်အား သူ့အမှာစကား၏ရည်ရွယ်ချက်ကို နားလည်စေဖို့ကူညီနိုင်ပါသည်။
သင်၏အတွေးများနှင့် ခံစားချက်များကို မှတ်သားပါ
သင်လေ့လာစဉ်မှာ ရောက်လာသည့် ထင်မြင်ချက်များကို မှတ်သားရန်နည်းလမ်းများစွာရှိပါသည်။ ဥပမာအားဖြင့်၊ သင်သည် အဓိပ္ပာယ်ရှိသော စကားတစ်လုံးသို့မဟုတ် စကားစုတစ်ခုကို မှတ်၍ သင်၏အတွေးများကို မှတ်စုတစ်ခုအဖြစ် သင်၏ကျမ်းစာများထဲ၌ မှတ်သားနိုင်ပါသည်။ သင်သည် သင်လက်ခံရရှိသည့် အတွေးအမြင်များ၊ ခံစားချက်များနှင့် ထင်မြင်ချက်များကိုလည်း မှတ်တမ်းတစ်ခု၌လည်းသွင်းထားနိုင်ပါသည်။ သို့မဟုတ်သင်သည် သင်မလေ့လာမီကမေးခဲ့သည့် မေးခွန်းကို မှတ်သား၍၊ သင့်ကိုလမ်းညွှန်သည့်အဖြေများကို လိုက်၍မှတ်နိုင်ပါသည်။
နောက်ပိုင်းကာလပရောဖက်များနှင့် တမန်တော်များ၏စကားများကို လေ့လာပါ
ကျမ်းစာများ၌ သင်တွေ့သည့် နောက်ပိုင်းကာလပရောဖက်များနှင့် တမန်တော်များ သွန်သင်ခဲ့သည့်အရာများကို ဖတ်ပါ။ သူတို့၏အမှာစကားများကို “အထွေထွေညီလာခံ၊” “မဂ္ဂဇင်းများ” နှင့် ဧဝံဂေလိတရားတော်စာကြည့်တိုက်ရှိ အခြားစုဆောင်းခြင်းများ၌ ရရှိနိုင်ပါသည်။
ပုံပြင်များကို ဖတ်ပါ
ကျမ်းစာများထဲမှ ပုံပြင်များကို ဖတ်ပါ၊ ၎င်းတို့၏အခြေအနေများ (အချိန်၊ နေရာ၊ ဟောပြောသူ၊ နှင့် ပရိတ်သတ်) ကို နားလည်ရန်ကြိုးစားပါ။ သရုပ်ဖော်ထားသည့် ကျမ်းစာပုံပြင်များသည် ဤအရာအတွက် အလွန်ကောင်းသည့် အရင်းအမြစ်တစ်ခုဖြစ်ပါသည်၊ အထူးသဖြင့် ကျမ်းစာများနှင့် ကျွမ်းဝင်မှုနည်းသည့်ကလေးများနှင့် အသင်းသားများအတွက်ဖြစ်ပါသည်။
အတွေးအမြင်များကို ဝေငှပါ
သင်၏ကိုယ်ပိုင်လေ့လာခြင်းမှအတွေးအမြင်များကို ဆွေးနွေးခြင်းသည် အခြားသူများကို သွန်သင်ရန်နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်၊ သင်ဖတ်ခဲ့သည့်အရာအကြောင်းသင်၏နားလည်းခြင်းကိုလည်း ခွန်အားဖြည့်ပေးရန်ကူညီပါသည်။
သင်သင်ယူသည့်အတိုင်း နေထိုင်ပါ
ကျမ်းစာများလေ့လာခြင်းသည် ကျွန်တော်တို့နေထိုင်ပုံကို ပြောင်းလဲရန် ကျွန်တော်တို့ကို လမ်းပြလှုံ့ဆော်နိုင်၊ ကျွန်တော်တို့ကို ပို့ဆောင်နိုင်ပါသည်။ သင်ဖတ်စဉ်မှာ သင့်ကို လုပ်ဆောင်ရန် ဝိညာဉ်တော်လှုံ့ဆော်သည့်အရာကို နားထောင်ပါ၊ ထို့နောက် ထိုလှုံ့ဆော်ချက်များကို ဆောင်ရွက်ရန် ကတိကဝတ်ပြုပါ။
ကျမ်းစာများကို အဘယ်ကြောင့်လေ့လာသနည်း။
ကျမ်းစာများကို အဘယ်ကြောင့်လေ့လာသနည်း။
ကျွန်တော်တို့သည် ကျမ်းစာများကို လုံ့လဝီရိယထက်သန်စွာလေ့လာသောအခါ၊ ယေရှုခရစ်တော်နှင့် ပို၍နီးလာကြပြီး၊ သူ၏ဧဝံဂေလိတရားတော်နှင့် အပြစ်ဖြေခြင်းယဇ်ကို ပို၍နားလည်လာကြပါသည်။ ပရောဖက်နီဖိုင်းက ဤသို့ တိုက်တွန်းခဲ့ပါသည်၊
“သို့ဖြစ်၍၊ သင်တို့သည် စုံလင်သောမျှော်လင့်ခြင်းရောင်ခြည်နှင့်အတူ ဘုရားသခင်နှင့် ခပ်သိမ်းသောလူသားတို့ကို ချစ်ခြင်းရှိလျက်၊ ခရစ်တော်၌ မြဲမြံခြင်းနှင့် ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်ရမည်။ သို့ဖြစ်၍၊ သင်တို့သည် ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်၍၊ ခရစ်တော်၏နှုတ်ကပတ်တော်ကို ပွဲခံပျော်မွေ့လျက်၊ အဆုံးတိုင်အောင်တည်ကြည်မည်ဆိုလျှင်၊ ရှုလော့၊ ခမည်းတော် မိန့်တော်မူသည်ကား၊ သင်တို့သည် ထာဝရအသက်ကို ရကြလိမ့်မည်။“ ( ၂ နီဖိုင်း ၃၁း၂၀ ) ။
ကျမ်းစာများမှ သွန်သင်ခြင်းတို့သည် ကျွန်တော်တို့ကို ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘထံသို့ ပြန်သွားရန်ကူညီမည်ဖြစ်သည်။ ကျွန်တော်တို့၏နောက်ပိုင်းကာလ ပရောဖက်များက ကျွန်တော်တို့အား ထိုကျမ်းစာများကို တစ်ဦးချင်း၊ ဖြစ်နိုင်သည့်နေရာတွင်၊ မိသားစုလိုက် လေ့လာရန် တောင်းဆိုခဲ့ပါသည်။ သူတို့က ကျွန်တော်တို့ကို ကျမ်းစာများထဲရှိအတွေ့အကြုံများမှ သင်ယူရန်၊ ကျမ်းစာမှတ်တမ်းများနှင့် သွန်သင်ခြင်းများကို ကျွန်တော်တို့၏ယနေ့ဘဝများ၌ အသုံးပြုရန် ဖိတ်ခေါ်ထားပါသည်၊ နီဖိုင်း ၁ နီဖိုင်း ၁၉း၂၃၌ လမ်းညွှန်သည်ကဲ့သို့ပင်ဖြစ်ပါသည်။ ရှေးခေတ်နှင့် ယခုခေတ်ပရောဖက်နှစ်မျိုးစလုံးက ကျွန်တော်တို့ကို ကျမ်းစာများဖတ်ရန်နှင့် “ခရစ်တော်၏နှုတ်ကပတ်တော်တို့ကို ပွဲခံပျော်မွေ့ရန်” ၂ နီဖိုင်း ၃၂း၃ ဖိတ်ခေါ်ခဲ့ပါသည်။
ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လဆင်ကလည်း ကျမ်းစာများရှိ “ပွဲခံပျော်မွေ့ခြင်း” အကြောင်းဒီအရေးကြီးတဲ့သမ္မာတရားကို သွန်သင်ခဲ့ပါသည်။
“ပွဲခံပျော်မွေ့တယ်ဆိုတာ မြည်းကြည့်တယ်ဆိုတာထက် ပိုပါတယ်။ ပွဲခံပျော်မွေ့တယ်ဆိုတာ တစိမ့်စိမ့်အရသာခံစားတာပါ။ ကျွန်တော်တို့ဟာ ကျမ်းစာတွေကို ကြည်နူးဖွယ်ရှာဖွေတွေ့ရှိမှုနဲ့ သစ္စာရှိသောနာခံခြင်းစိတ်တို့ဖြင့် လေ့လာခြင်းအားဖြင့် တစိမ့်စိမ့်အရသာခံစားကြပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ နှုတ်ကပတ်တော်ကို ပွဲခံပျော်မွေ့ကြပါတယ်၊ ၎င်းတို့ကို ‘အသားနှင့်ပြည့်သည့် နှလုံးပြား၌’ ရေးထားပါတယ်[ကောရိန္သုဩဝါဒစာဒုတိယစောင် ၃း၃ ]။ အဲဒါတွေက ကျွန်တော်တို့ရဲ့ ပေါင်းစပ်စုဖွဲ့ခြင်းသဘာဝတစ်ခု ဖြစ်လာပါတယ်” (“Living by Scriptural Guidance,” Ensign, နို၊ ၂၀၀၀၊ ၁၇။
ကျွန်တော်တို့သည် ကိုယ်ပိုင်နှင့် မိသားစုကျမ်းစာလေ့လာခြင်း၌ ပုံမှန်ပါဝင်ကြသောအခါ၊ ကျွန်တော်တို့နှင့် ကျွန်တော်တို့၏မိသားစုများသည် ကျွန်တော်တို့ကာလ၏စိန်ခေါ်မှုများတစ်ဖက်၌ လမ်းညွှန်ခြင်း၊ ကာကွယ်ခြင်း၊ ထို့အတူ အင်အားခိုင်မာစေခြင်းတို့ကို ခံရနိုင်ပါသည်။
123-456-7890